တနာရီခန့်အကြာတွင် ကျန်းရွှမ် ထောက်ပံ့ရေးဌာနမှ ပြန်ထွက်လာခဲ့သည်။ သူ့မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများနှင့် တောက်ပနေကြသည်။ အရင်ကသာဆိုလျှင် သူအနေနှင့် ထောက်ပံ့ရေးဌာနထဲတွင် အနိုင်ကျင့်ခံရပြီးမှ ထွက်လာရမည်မှာ သေချာလေသည်။ ယခုတော့ ကောင်းကင်ဘုံစာကြည့်တိုက် အကူအညီနှင့် သူက အနိုင်ယူပြီး ထွက်လာနိုင်ခဲ့သည်။
"အချိန်ပြောင်းပြီး အတိတ်ကို ရောက်လာတာ ငါ့တော့ ကံကောင်းတာပဲ။ ဒီလို စွန့်စားခန်းတွေ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတဲ့ဘဝက ငါလိုချင်တာနဲ့ ကွက်တိပဲ"
ကျန်းရွှမ် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ပြီး သက်ပြင်းတချက်ချလိုက်သည်။
ပြီးခဲ့သည့် ဘဝတုန်းက ကျန်းရွှမ်သည် စာကြည့်တိုက်မှူးတယောက်သာ ဖြစ်ပြီး ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေသူ ဖြစ်သည်။ သူ့နေ့စဉ်ဘဝသည် အိမ်နှင့်စာကြည့်တိုက်နှစ်ခုထဲတွင် ပြီးဆုံးနေခဲ့သည်။ သူသည် လစဉ် လစာလေးထုတ်လိုက် သုံးလိုက်နှင့် ဘဝရည်မှန်းချက်လည်း မရှိချေ။ သို့သော် လက်ရှိတွင်တော့ အရာရာ ခြားနားသွားကြလေပြီ။ ကောင်းကင်ဘုံစာကြည့်တိုက်လို ထူးခြားလှသော လက်ဆောင်ကို ပိုင်ဆိုင်ထားလေရာ သူ့အနေနှင့် အနာဂါတ်တွင် ဒီ့ထက်ပိုပြီး စွမ်းအားကြီးလာကာ ကျော်ကြားလာဖို့သေချာလေသည်။ သူ့အနေနှင့် ဘဝသစ်ကို စိတ်လှုပ်ရှား ပျော်ရွှင်စွာ ဖြတ်သန်းဖို့သာ ကျန်တော့သည်။ ကျန်းရွှမ်သည် လက်ရှိဘဝသစ် လောကသစ်နှင့် အတော် အသားကျနေပြီ ဖြစ်လေသည်။ သူ့နှလုံးသားထဲတွင် သူအရင်နေခဲ့သော လောကနှင့် လက်ရှိလောကနှစ်ခုကြား ဗျာများနေခြင်း မရှိတော့ချေ။
"ငါ့ကိုမဆွဲနဲ့။ ငါသေချင်နေပြီ။ မဆွဲပါနဲ့ဆိုနေမှပဲ"
ကျန်းရွှမ် တယောက်တည်း အောင်ပွဲခံနေစဉ်မှာပင် သိပ်မဝေးသောနေရာမှ အော်သံတခုကို ကြားလိုက်ရသည်။ အော်သံမှာ နွားသိုးတကောင် အော်လိုက်သံနှင့် တူလှပြီး ကြားရသူ၏ စိတ်ကို ညစ်ညူးစေသော အစွမ်းရှိလေသည်။ ကျန်းရွှမ်လှည့်ကြည့်လိုက်ရာ ဖက်တီးဝတုတ်လေးတယောက်သည် ကျောင်းထဲရှိရေကန်ထဲ ခုန်ချကာ ကိုယ့်ကိုကိုယ် သတ်သေရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။ ဖက်တီးလေးနောက်တွင်ကား သူ့ကို ဆွဲထားသူ တယောက်ပင် မရှိချေ။ ဖက်တီးလေးသည် ဆွဲထားသူ မရှိသော်လည်း ရှေ့သို့ရွေ့သွားချင်း အလျင်းမရှိပေ။ ဖက်တီးလေးက နောက်သို့ပြန်လှည့်လာပြီး ကျောင်းသားတယောက်၏ လက်ကိုဆွဲလိုက်ကာ သူ့ကိုဆွဲထားသည့်ပုံမျိုး ဖြစ်အောင်လုပ်လိုက်သည်။ ပြီးနောက် ခုနကလို ထပ်အော်လိုက်ပြန်သည်။
"ဟေ့ကောင် ငါ့ကို မဆွဲနဲ့။ ငါသေချင်နေပြီ။ ငါ အသက်ဆက်မရှင်တော့ဘူး"
"..."
လူတိုင်း ဘာပြောရမှန်း မသိဖြစ်သွားလေသည်။
"အတော် အရှက်မရှိတာပဲ"
ကျန်းရွှမ် ခေါင်းယမ်းရင်း မှတ်ချက်ချလိုက်သည်။ ဖက်တီးလေးသည် သေချင်စိတ် တကယ်မရှိသော်လည်း သူများက တားနေသောကြောင့် ကိုယ့်ကိုကိုယ် သတ်သေမရသည့်ပုံမျိုး လုပ်နေခြင်း ဖြစ်လေသည်။ ဖက်တီးလေးသည် တကယ်ပင် အရှက်မဲ့လှပေသည်။ ဖက်တီးလေး သေရန် အကြောင်းမရှိကြောင်း သေချာနေသောကြောင့် ကျန်းရွှမ် ဂရုစိုက်မနေတော့ပဲ သူ့စာသင်ခန်းရှိရာသို့ ဦးတည်လိုက်သည်။ သို့သော် သူလမ်းမလျှောက်နိုင်သေးခင်မှာပင် ဖက်တီးလေး အော်သံက သူနှင့် နီးလာပြီး သူ့နားရှိ မြေကြီးမှာလဲ သိမ့်သိမ့်တုန်သွားသည်။ ကျန်းရွှမ်၏ ခြေထောက်နှစ်ချောင်းကို ဖက်တီးလေး၏ သန်မာလှသော လက်နှစ်ဖက်က ဆုပ်ကိုင်ထားလိုက်တော့သည်။
"ဆရာ ကျနော်တောင်းပန်ပါတယ်။ ကျနော့်ကို တပည့်အဖြစ် လက်ခံပေးပါ။ ကျန်တဲ့ဆရာတွေက ကျနော့် ကိုယ်လုံးအရွယ်အစားကို ကြည့်ပြီး အထင်သေးပြီးတော့ ကျနော့်ကို တပည့်အဖြစ် လက်မခံချင်ကြဘူး"
ဖက်တီးလေးက မျက်ရည်အဝိုင်းသားနှင့် ကျန်းရွှမ်ကို ပြောလိုက်သည်။
"လွှတ်စမ်းပါဟ"
ကျန်းရွှမ် ဘာပြန်ပြောရမှန်း မသိချေ။
ဒီကောင်လေးက မကြောင်လွန်းဘူးလား။ ရုတ်တရက်ကြီး ရောက်လာပြီး ခြေထောက်ဖက် ဆရာတင်နေတာ။
ကျန်းရွှမ် ဒီလိုကောင်လေးမျိုးကို တသက်လုံး မမြင်ဖူးခဲ့ချေ။
"ဆရာက တပည့်အဖြစ်လက်ခံမှပဲ ကျနော် ဆရာ့ခြေထောက်ကို လွှတ်ပေးနိုင်မယ်"
မျက်ရည်နှင့် နှာရည်များသည် ဖက်တီးလေး၏ မျက်နှာပေါ်တွင် ပြည့်နေသည်။ သူ့အသံလေးမှာ သနားစရာကောင်းလွန်းလှပြီး ဘေးနားမှ ကြည့်နေသူများပင် သူ့ကို စာနာသနားသွားမိစေနိုင်သည်။
"ဒီနေ့ ကျနော် ဆရာလိုက်ရှာနေတာ ဆယ်ယောက်မကတော့ဘူး။ ဘယ်သူကမှ ကျနော့်ကို တပည့်အဖြစ် လက်မခံချင်ကြဘူး။ ဆရာကတော့ ကျနော့်ရဲ့ သနားစရာကောင်းတဲ့ဘဝကို စာနာပြီး တပည့်အဖြစ် လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
တပည့်များ၏ စာမေးပွဲ ရလဒ်သည် ဆရာ့သိက္ခာအပေါ် ရိုက်ခက်မှုရှိလေသည်။ ဒီလိုဝတုတ်ဖက်တီးလေးမျိုးကို တပည့် အဖြစ်လက်ခံထားလိုက်လျှင် သင်ကြားရာတွင် တခြားတပည့်များကို သင်သည်ထက် နှစ်ဆသုံးဆ ပိုအားထုတ်မှ တော်ကာကျပေလိမ့်မည်။ ထို့ကြောင့် လူသိများသော ဆရာများသည် ထိုသို့တပည့်မျိုးကို လက်ခံလေ့ မရှိကြပေ။
"မင်းက ငါ့တပည့်ခံချင်တယ်ဆိုရင်လည်း သိုင်းကွက်လေးတော့ အရင်ဆုံး ကစားပြဦးမှပေါ့ကွ။ ငါ့ခြေထောက်ကို ဇွတ်ဖက်ထားလို့ ဘာထူးမှာလဲ"
ကျန်းရွှမ် ပြန်ပြောလိုက်သည်။ ကျန်းရွှမ်သည် ကောင်းကင်ဘုံစာကြည့်တိုက်ကို ပိုင်ဆိုင်ထားလေရာ တပည့်ရွေးချယ်ရာတွင် အခက်အခဲမရှိလှချေ။ ဖက်တီးလေးကသာ သာမန် ရိုးရိုး တပည့်ဖြစ်နေလျှင်တော့ ကျန်းရွှမ်သည်လည်း တပည့်အဖြစ် လက်ခံမည် မဟုတ်ပေ။
"ဆရာ ကျနော့်ကို တပည့်အဖြစ် လက်ခံပေးပါ။ ကျနော် အစွမ်းအစရှိပါတယ်"
ဖက်တီးလေးက ခြေထောက်ကို မလွှတ်သေးပဲ ပြောလိုက်သည်။
"မင်း အစွမ်းအစရှိမရှိဆိုတာ မြင်ရမှ သိမှာပေါ့။ ပါးစပ်နဲ့ပြောနေလို့ ဘာမှအကျိုးမရှိဘူး"
ဖက်တီးလေးက ခြေထောက်မလွှတ်ပေးသေးသောကြောင့် ကျန်းရွှမ်က ပြန်ပြောရင်းနှင့် ဇွတ်ရုန်းထွက်လိုက်ရသည်။
ဘာလဲဟ? မိန်းကလေးတပည့်က ငါ့ခြေထောက်ကို လာဖက်ထားတာဆိုရင် တော်သေးတယ်။ ခုက ယောက်ျားလေးကြီး ပြီးတော့ ဖက်တီးကြီး။
ကျန်းရွှမ် တွေးမိလိုက်ရုံနှင့် ကြက်သီးထသွားသည်။
"ဟုတ်ကဲ့ပါဆရာ။ ကျနော့်အစွမ်းအစကို ပြပါ့မယ်"
ဖက်တီးလေးက ပြောလိုက်သည်။ ဖက်တီးလေး မတ်တတ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်နေသည်။ ထို့နောက် သိပ်မဝေးလှသော နေရာတွင်ရှိနေသော ကျောက်တုံးများကို ကျန်းရွှမ်နားသို့ သယ်လာလိုက်သည်။ ပြီးလျှင် ကျောက်တုံးတတုံးကို ကိုင်လိုက်ပြီး ခေါင်းနှင့် ရိုက်ခွဲလိုက်တော့သည်။ ကျောက်တုံးတခုလုံး ကွဲကြေသွားသည်။ ဖက်တီးလေးက မရပ်သေးပဲ ကျန်ကျောက်တုံးများကို လက်သီး၊ တံတောင်၊ ခြေထောက်များဖြင့် ဆက်ခွဲလိုက်သည်။ ကျောက်တုံးများတတုံးမှပင် မကျန်တော့ပဲ အကုန်ကွဲကြေသွားလေသည်။ ဖက်တီးလေးသည် ဝတုတ်နေသော်လည်း ဟန်းလင်သိုင်းပညာကျင့်ထားသူဖြစ်လေသည်။ (ဟန်းလင်သိုင်းပညာသည် ကိုယ်ခန္ဓာအပြင်အားကိုကျင့်ပြီး ကိုယ်ခံစွမ်းအားတိုးတက်အောင် လုပ်ပေးသော သိုင်းပညာဖြစ်သည်။)
ကျန်းရွှမ်သည် ဖက်တီးလေး၏ ဟန်းလင်သိုင်းကို ဂရုမစိုက်နိုင်သေးပဲ ကောင်းကင်ဘုံစာကြည့်တိုက်အတွင်း ပေါ်လာသောစာအုပ်ကို ကြည့်နေသည်။ ဟန်းလင်သိုင်းသည် လူအများကျင့်လေ့မရှိသော်လည်း သိုင်းပညာတမျိုးပင်ဖြစ်လေရာ ဖက်တီးလေး ကျောက်တုံးများကို ရိုက်ခွဲနေချိန်တွင် စာကြည့်တိုက်အတွင်း စာအုပ်တအုပ်ပေါ်နေပြီ ဖြစ်လေသည်။
"ယွမ်ထောင် - တင်းဟောင်မြို့မှ လေလွင့်လူငယ်။ သိုင်းအဆင့် ၁ ကျုရှီ အလယ်အဆင့်"
...
"အားနည်းချက် - ၁၈ ချက်။ ၁။ ရှေးခေတ်ဧကရာဇ်သွေးပါလာသော်လည်း ခုချိန်ထိ အသက်မဝင်သေး။ ၂။ အခြေခံအလွန်အားနည်းပြီး သူကျင့်ထားသော သိုင်းများမှာ.... "
"ဧကရာဇ်သွေး? "
စာအုပ်ဖတ်နေရာမှ ကျန်းရွှမ် အံ့သြသွားလေသည်။ သူ့အရင်နေသွားသော ကျန်းရွှမ်ထံမှ မှတ်ဉာဏ်များကို ဆက်ခံထားရလေရာ ဒီလောကတွင် သွေးနှင့် မွေးရာပါခန္ဓာကိုယ်တို့ အရေးကြီးပုံကို နားလည်ထားလေသည်။ တယောက်ယောက်ကသာ ထိုနှစ်မျိုးထဲမှ တမျိုးကို ပိုင်ဆိုင်ပြီး သင့်လျော်သော ကျင့်စဉ်တခုခုကို သုံးပြီး အသက်ဝင်အောင် လုပ်နိုင်ခဲ့လျှင် စွမ်းအင်ကျင့်ရာတွင် လျှင်မြန်စွာ တိုးတက်နိုင်ကာ အင်အား အဆမတန် တိုးပွားနိုင်လေသည်။
မွေးရာပါခန္ဓာကိုယ် အမျိုးမျိုးရှိရာ ဥပမာပေးရလျှင် - သန့်စင်ယင်ခန္ဓာကိုယ်။ သန့်စင်ယန်ခန္ဓာကိုယ်။ ရွှေခန္ဓာကိုယ်။
သွေးများမှာ - ရှေးခေတ်သွေး။ အမွေခံသွေး။ ပြောင်းလဲသွေး။ သွေးသစ်။
ကျောင်းသားတဦးဦးသာ ထိုသွေးနှင့်ခန္ဓာကိုယ်များထဲမှ တခုခုသာ ပိုင်ဆိုင်ထားလျှင် ရေတွက်မရနိုင်သော ဆရာများသည် ထိုကျောင်းသားကို တပည့်အဖြစ် လက်ခံနိုင်ရန် လုကြလေ့ရှိသည်။ ဖက်တီးလေးပိုင်ဆိုင်သော ဧကရာဇ်သွေးသည် ရှေးခေတ်သွေးများထဲမှ တမျိုးဖြစ်သည်။ ထိုသွေးကို ပိုင်ဆိုင်သူများသည် စွမ်းအင်ကျင့်ရာတွင် တိုးတက်မှုလျှင်မြန်ပြီး ခန္ဓာကိုယ် သန်စွမ်းကာ မည်သည့်လက်နက်နှင့်မျှ ထိခိုက်အောင် လုပ်နိုင်ခြင်းမရှိဟု လူအများက ယုံကြည်ထားကြသည်။ ကိုယ်ခံစွမ်းအားကို တိုးတက်စေသောသွေးများထဲတွင် ဧကရာဇ်သွေးသည် ထိပ်ဆုံးအဆင့်တွင် ရှိလေသည်။ ဒီဝဝတုတ်တုတ် အရှက်မရှိသော ဖက်တီးလေးတွင် ဧကရာဇ် သွေးပါနေလိမ့်မည်ဟု မည်သူထင်လိမ့်မည်နည်း။
"သူ့ဧကရာဇ်သွေးက ခုထိအသက်မဝင်သေးဘူးပဲ။ ကြည့်ရတာ ဒီကောင်လေးတောင် သူ့မှာ ဧကရာဇ်သွေးပါနေမှန်း သိပုံမရဘူး"
ကျန်းရွှမ်မျက်လုံးများ အရောင်တဖျတ်ဖျတ်လက်သွားကြသည်။ သွေးအုပ်စုများထဲတွင် ရှေးခေတ်သွေးများသည် စွမ်းအင်အကြီးဆုံးထဲတွင် ပါဝင်သည်။ ဖက်တီးလေးကို ဆယ်ယောက်မကသော အခြားဆရာများက တပည့်အဖြစ် လက်မခံလိုက်ကြသော်လည်း သူတို့သည် ဧကရာဇ်သွေးကို မသိဟု ဆိုလိုရာ မရောက်ချေ။ ဖြစ်နိုင်သည်မှာ ဖက်တီးလေး၏ သွေးသည် အသက်မဝင်သေးသောကြောင့် သူသည် သာမန်လူ တယောက်ကဲ့သို့သာ ဖြစ်နေခြင်းသာ ဖြစ်ရပေမည်။ အခြားသူများမပြောနှင့် ဖက်တီးလေးကိုယ်တိုင်ပင် မသိလောက်ချေ။ သို့သော်လည်း ဖက်တီးလေးသည် တချိန်ချိန်တွင် ထွန်းတောက်ကာ ထူးချွန်လာမည်ကတော့ မြေကြီးလက်ခတ်မလွဲပေ။ သူ၏ကိုယ်ခံစွမ်းအားသည် အခြားသူများထက် သာလွန်နေရာ ထိုအကြောင်းကြောင့် ဖက်တီးလေးက ဟန်းလင်သိုင်းကို လေ့ကျင့်ခဲ့ခြင်းဖြစ်လေသည်။
"ငါတော့ ဒီကောင်လေးကို တပည့်အဖြစ် လက်ခံမှဖြစ်လိမ့်မယ်"
ကျန်းရွှမ်မျက်လုံးများ တောက်ပြောင်နေတော့သည်။ ကျောင်းတကျောင်းအနေဖြင့် နှစ်ရာချီလျှင်တောင်မှ ဧကရာဇ်သွေးပါသော ကျောင်းသားတယောက် ကျောင်းသို့ရောက်လာရန် မဖြစ်နိုင်ပေ။ ထိုမျှရှားပါးလှသော ကျောင်းသားတယောက် မျက်စိရှေ့သို့ရောက်နေလေရာ ကျန်းရွှမ်အနေဖြင့် အခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။
"မဆိုးဘူးပဲ။ မင်းကို ငါ တပည့်အဖြစ် လက်ခံလိုက်မယ်။ ရော့ဒီမှာ ကျောက်စိမ်းပြား။ ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုလိုက်"
ကျန်းရွှမ် စိတ်လှုပ်ရှားနေမှုများကို ထိန်းချုပ်လိုက်ပြီး ကျောက်စိမ်းပြားတပြားကို ဖက်တီးလေးဆီသို့ တည်ငြိမ်သော အမူအရာနှင့်သာ ပစ်ပေးလိုက်သည်။
"ဆရာ ကျနော့်ကို တကယ်လက်ခံမှာလား။ ကောင်းလိုက်တာ"
ဖက်တီးလေးသည် တနေ့လုံး ဆရာများက တပည့်အဖြစ်လက်ခံရန် ငြင်းပယ်ခြင်းသာ ခံနေခဲ့ရလေရာ အလွန်စိတ်ဓါတ်ကျနေပြီ ဖြစ်လေသည်။ ကျန်းရွှမ်က လက်ခံမည်ဟု ပြောလိုက်သည်နှင့် တပြိုင်နက် တွေဝေမနေတော့ပဲ လက်ထိပ်ကို ကိုက်ကာ ကျောက်စိမ်းပြားပေါ် သွေးတစက်ချလိုက်တော့သည်။
"ဆရာတွေက ကိုယ်နဲ့အဆင့်တူ တပည့်ကိုပဲ ရှာပြီး လက်ခံတယ်ဆိုတာ ဟုတ်လောက်တယ်။ အမှိုက်ဆရာ လက်ခံလိုက်တဲ့ တပည့်ကလဲ အမှိုက်ပဲ"
အေးစက်စွာ လှောင်ပြောလိုက်သော အသံထွက်လာသည်။ ကျန်းရွှမ် လှည့်ကြည့်လိုက်ရာ အေးစက်မာနကြီးပုံရသော လူငယ်တယောက် သူရှိရာဘက်သို့ လာနေသည်ကို တွေ့လိုက်သည်။ ထိုလူငယ်ဘေးတွင် လှပသော မိန်းကလေးတယောက် ပါရှိလာသည်။ သူမ၏ ဆံနွယ်များမှာ တောက်ပြောင်နူးညံ့နေပြီး ပိုးသားလို ပျော့ပြောင်းကာ သူမပခုံးပေါ်တွင် ဝဲကျနေသည်။ သူမ၏ အသားအရည်မှာ ကြွေထည်သမျှ ဖြူပြီး သူမမျက်ဝန်းများမှာလဲ ကြည့်လိုက်မိသူတိုင်း အကြည့်မခွါနိုင်အောင် ဆွဲဆောင်နိုင်လေသည်။
"ရှန်ပင်း? ရှမ်ပိယူ? "
ထိုနှစ်ယောက်ကို တွေ့လိုက်သောအခါ နာမည်နှစ်ခု ကျန်းရွှမ်ခေါင်းထဲသို့ အလိုလို ရောက်လာကြသည်။ ဟုန်းထျင်ကျောင်းတော်ကြီးတွင် ရှမ်ပိယူကို မသိသူတယောက်မှ မရှိချေ။ သူမသည် ကျော်ကြားသော ကျောထောက်နောက်ခံမိသားစု မရှိသော်လည်း တကျောင်းလုံးက အချောအလှအဖြစ် သတ်မှတ်ထားသော ဆရာမ ဖြစ်သည်။ ကျောင်းသူများထဲမှ အချောအလှများပင်လျှင် သူမနှင့်ယှဉ်လျှင် မှေးမှိန်သွားပေလိမ့်မည်။ သူမသည် ချောလှရုံသာမကပဲ စာသင်ကြားရာတွင်လည်း ထူးချွန်သူတဦးဖြစ်သည်။ ကျောင်းတွင် ဆရာဖြစ်သည်မှာ တနှစ်မပြည့်သေးသော်လည်း ကျောင်း၏ ထင်ရှားကျော်ကြားသော ဆရာများထဲတွင် ပါဝင်နေပြီဖြစ်လေသည်။ အထက်တန်းကျခြင်း၊ ကျော့ရှင်းခြင်း၊ လှပခြင်း၊ ဉာဏ်ရည်ကောင်းခြင်း စသည်တို့ဖြင့် သူမသည် ကျော်ကြားပြီး သူမကို ပိုးပန်းနေကြသူများမှာ မနည်းလှပေ။
အရင်ကျန်းရွှမ်သည်လည်း သူမကို စိတ်ဝင်စားသူများထဲမှ တဦးဖြစ်သည်။ သို့သော်လည်း အရင်ကျန်းရွှမ်သည် ညံ့ဖျင်းသူတဦးဖြစ်ပြီး သိုင်းအဆင့်မှာလဲ နိမ့်ကျလေရာ သူမကို ပေါ်ပေါ်ထင်ထင် ပိုးပန်းရဲသူ မဟုတ်ချေ။ အရင်ကျန်းရွှမ်သည် ရှမ်ပိယူ နှင့် စကားပင် မပြောဖူးခဲ့ချေ။
ရှမ်ပိယူဘေးမှ ပါလာသော လူငယ်သည် ကျောင်းမှ ဆရာကြီးရှန်၏ မြေးဖြစ်သော ရှန်ပင်း ဖြစ်လေသည်။ သူသည်လည်း ရှမ်ပိယူကို ပိုးပန်းနေသော ဆရာတယောက်ဖြစ်သည်။ ရှန်ပင်းသည် သူ့အဘိုး၏ အရှိန်အဝါကို အသုံးချကာ ရှမ်ပိယူကို ပိုးပန်းနေကြသော အခြားဆရာများကို အနိုင်ကျင့်လေ့ရှိသည်။ ကျန်းရွှမ်သည် ရှမ်ပိယူကို စိတ်ဝင်စားနေကြောင်း ရှန်ပင်း သိထားလေရာ ကျန်းရွှမ်ကို တွေ့သည့်အခါတိုင်း နှိမ်လေ့ရှိပြီး တခါတရံ ကိုယ်ထိလက်ရောက် အနိုင်ကျင့်လေ့ရှိသည်။
"မင်းက ဘာကို အမှိုက်လို့ စော်ကားနေတာလဲ? "
ရှန်ပင်း၏စကားကို ကြားလိုက်သော ကျန်းရွှမ်က ဒေါသထွက်ခြင်းမရှိပဲ ပြုံးကာ ပြန်မေးလိုက်သည်။
"အမှိုက်ဆိုတာ မင်းကို စော်ကားနေတာ"
ရှန်ပင်းက ပြုံးရင်းပြန်ဖြေလိုက်သည်။
"အိုး.. အမှိုက်က ငါ့ကို စော်ကားနေတာလား? နံလိုက်တာကွာ။ ရုတ်တရက်ကြီး ဘယ်က နံလာတာလဲ စဉ်းစားနေတာ အမှိုက်ကငါ့နား ရောက်နေတာကိုး"
ကျန်းရွှမ်က လက်ဖြင့် နှာခေါင်းကို ပိတ်ရင်း ရွံရှာဟန်ဖြင့် ပြောလိုက်သည်။
"မင်း.. "
ရှန်ပင်း ကျန်းရွှမ်ဆိုလိုသည်ကို နားလည်သွားပြီး ဒေါသထွက်သွားလေသည်။ ကျောင်းမှ အသုံးမကျဆုံးသော သုညဆရာထံမှ လှောင်ပြောင်ခြင်းကို ခံလိုက်ရရာ သူ့မျက်နှာ တခုလုံး ဒေါသဖြင့် နီရဲနေတော့သည်။